ပါကင်ဆန် ဝေဒနာသည်တွေ ကြုံရတတ်တဲ့ Parkinsonism ဆိုတာ ဘာလဲ
Parkinsonism ဆိုတာ Parkinson's ရောဂါမှာတွေ့ရတဲ့ လှုပ်ရှားမှု မူမမှန်ခြင်းများ (လက်တုန်ခြင်း၊ လှုပ်ရှား နှေးကွေးခြင်း၊ စကားမပြောတတ်တော့ခြင်း၊ ကြွက်သားများ တောင့်တင်းခြင်း စသည့်) ပေါင်းစုနေတဲ့ အခြေအနေကို ခေါ်ပါတယ်။ အထူးသဖြင့် Dopamine လို့ခေါ်တဲ့ အာရုံကြောစနစ်က အသုံးပြုတဲ့ဓာတ် လျော့နည်းမှုကြောင့် လှုပ်ရှားမှုမူမမှန်ခြင်းများ (Parkinsonism) ဖြစ်ပေါ်တတ်ပါတယ်။
Parkinson's ရောဂါ
Parkinsonism ဖြစ်စေသော အကြောင်းအရင်းများ
- စိတ်ကျန်းမာရေးအတွက် ဆေးဝါးမှီဝဲနေရသူတွေ၊
- ဦးခေါင်းကို ခဏခဏ ထိခိုက်ခံနေရသူများ (ဥပမာ - လက်ဝှေ့သမားများ)
- အာရုံကြောပျက်စီးစေတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရသူများ (သတိမေ့ရောဂါ Dementia)
- အဆိပ်နဲ့ ထိတွေ့မိထားသူများ (ကာဗွန်မိုနောက်ဆိုဒ် ၊ ဆာရာနိုက် စသည့်)
- ဦးနှောက်၌ အကြိတ်ဖြစ်ခြင်း၊ ရေအိတ်တည်ခြင်း တို့ ရှိနေသူတွေနဲ့
- အသည်းပျက်စီးခြင်းနဲ့ အခြားအသည်းပြသာနာရှိနေသူတွေ
မှာလည်း Parkinsonism လက္ခဏာ တွေ ပြသနိုင်ပါတယ်။
ကုသမှုနည်းလမ်းများ
- နေ့စဥ် ကြွက်သားတွေရဲ့ စွမ်းဆောင်ရည်တွေကို ဆန်းစစ်စောင့်ကြည့်ရပါမယ်။
- ကိုယ်ခန္ဓာအတွက်၊ စကားပြောနိုင်စွမ်းအတွက် ပြန်လည်သန်စွမ်းခြင်းလေ့ကျင့်ခန်းများ ပြုလုပ်ရပါမယ်။
- ကြွက်သားတောင့်တင်းမှု သက်သာစေသောဆေးများ၊ စိတ်ကျခြင်းအတွက် ဆေးများ သောက်သုံးရပါမယ်။
- အကယ်၍ စိတ်ကျန်းမာရေးအတွက် သောက်သုံးနေရသော ဆေးများရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လို့ ယူဆရရင်တော့ Parkinsonism လက္ခဏာများ ခံစားနေရကြောင်း သက်ဆိုင်ရာ စိတ်ကျန်းမာရေးအထူးကုကို အသိပေးပါ။
- မိသားစုဝင်များအနေနဲ့ မိမိတို့ လူနာဟာ လမ်းလျှောက်ပုံ မူမမှန်ပဲ အခက်တွေ့နေတယ်လို့ ယူဆမိရင် ဘေးကင်းတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးပေးဖို့လိုပါတယ်။ (ဥပမာ အိမ်သာ၊ ရေချိုးခန်းတို့မှာ အမှီပြုနိုင်အောင် လက်ကိုင်များ တပ်ဆင်ခြင်း၊ လမ်းကြောင်းများ ပစ္စည်းများ ရှုပ်မနေစေဘဲ ရှင်းလင်းထားခြင်း၊ အသုံးများသောပစ္စည်းများ လက်လှမ်းမှီရာတွင် ထားရှိပေးခြင်း စသည်တို့ဖြစ်ပါတယ်)
ဒီနည်းလမ်းတွေဟာ Parkinsonism လက္ခဏာပြသနေသူတွေကို ကူညီကုသရာမှာ သိသိသာသာ အထောက်အကူဖြစ်စေပါလိမ့်မယ်။
ရေးသားသူ - ဒေါက်တာ မေမြတ်